Friday, January 21, 2011

The History of Y.B.U and M.B.U

မန္တလေး ၊ ရန်ကုန် ဗုဒ္ဓ္ဓတက္ကသိုလ်
၏

ပညာရေးနှင့် သာသနာရေး စီမံချက်များ

ဗုဒ္ဓ္ဓတက္ကသိုလ်၏ သာသနာရေးနှင့် ဘ၀လမ်းခရီး လျှောက်လာခဲ့ပုံကို လျှောက်ထားတင်ပြလိုပါသည်။ တပည့်တော်သည် အသက် ၂၀- တွင် ဓမ္မာစရိယစာချတန်းမှာ ကျမ်းရင်း ၃-ကျမ်းနှင့် ဂုဏ်ထူး ၆-ကျမ်း၊ ပေါင်း ၉ကျမ်းစလုံးကို အောင်မြင်ခဲ့၍ သာသနဓဇသီရိပ၀ရ ဓမ္မာစရိယ ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့နောက် ခေတ်ပညာကို ဆက်လက်သင်ယူသောအခါ မန္တလေးတက္ကသိုလ်သို့ရောက်လျှင် ပါဠိဌာန၌ (ဥရောပ) ခေတ်မှီ နည်းစနစ်ဖြင့် သင်ကြားပေးသည့် ပါဠိ၊ သက္ကတ၊ ပြာကတ၊ ဘာသာဗေဒပညာ (အင်္ဂလိပ်စာ) စသည့် ဘာသာရပ်များကို သင်ယူ-အောင်မြင်သဖြင့် အသက် ၂၇နှစ် (၁၉၆၀-ခု)တွင်ဝိဇ္ဇာ၊ ပါဠိဂုဏ်ထူး- B.A (Pali Honours) ဘွဲ့ကို ရရှိခဲ့ပါသည်။
မန္တလေးတက္ကသိုလ် ပါဠိဌာန၌ ဆရာအဖြစ် အမှုထမ်းနေစဉ် အစိုးရပညာတော်သင် ရွေးချယ်ခြင်း ခံရသဖြင့် လန်ဒန်တက္ကသိုလ် (S.O.A. S) ၌ ဥရောပ ခေတ်မှီနည်းစနစ်ဖြင့် သင်ကြာပေးသည့် ပါဠိ၊ သက္ကတ၊ ပြာကတ၊ ဘာသာဗေဒပညာ (အင်္ဂလိပ်စာ)စသည့် ဘာသာရပ် များကို သင်ယူအောင်မြင်သဖြင့် အသက် ၃၁နှစ် (၁၉၆၄)ခုနှစ်၌ မဟာဝိဇ္ဇာ ဘာသန္တရဆေက (M.A Indo Arayan) ဘွဲ့ကို ရရှိခဲ့ပါသည်။ (Indo Arayan ဟူသည် အိန္ဒိယပြည်နေ အာရိယန်လူမျိုးတို့ ပြောဆိုသုံးစွဲသည့် ဘာသာစကားများကို ဆိုလိုပါသည်။ ) လိုရင်းကို လျှောက်ထားရရင် တပည့်တော်သည် စာကိုကောင်းကောင်း စသင်လာခဲ့သည်မှ စ၍ ပိဋကတ်တော်များလာ ဗုဒ္ဓ ၏ဓမ္မများနှင့်တကွ ဘာသာစကားများဘက်၌ ပါဠိ၊ သက္ကတ၊ ပြာကတ၊ ဘာသာဗေဒပညာ (အင်္ဂလိပ်စာ) တွေကို ပြည်တွင်း ပြည်ပ၌ ဆရာသမား အမျိုးမျိုး ထံမှာ ရှေးနည်း၊ ခေတ်နည်း၊ နည်းမျိုးစုံဖြင့် သင်ယူ တတ်ကျွမ်းခဲ့ပါသည်။

တပည့်တော် ငယ်ရွယ်စဉ်ကပင် အစွဲကြီးသူမဟုတ် ခဲ့ပါ။ အစွဲကြီးခြင်းသည် တိုးတက်မှု၏ ကြီးမားသော အဟန့်အတား တစ်ခုဖြစ်ပါသည်။ အနောက်တိုင်းသားများ၏ တိုးတက်ခြင်းနှင့် အရှေ့တိုင်းသားတို့၏ မတိုးတက်ခြင်းသည် အကြောင်းအရင်းအားဖြင့် ယင်းအစွဲကြီး၊ မကြီးမှု ကြောင့်ပင် ဖြစ်ပါသည်။ ဗုဒ္ဓကိုယ်တော်တိုင်ကပင် မည်သည့်အစွဲမျိုးကိုမှ မထားရှိရန် မိန့်မှာတော် မူခဲ့ပါသည်။ တပည့်တော်အနေဖြင့် အဟောင်းနဲ့အသစ်ကို ပေါင်းစပ်၍ အကောင်းဆုံးဖြစ်အောင် လုပ်ရမည် ဟူသော ပညာရှင်ကြီးတစ်ဦး၏ အဆိုအမိန့်ကို နှစ်သက်သဘော ကျပါသည်။ သို့ဖြစ်ပါ၍ ပညာသင်နည်း၌ ရှေးသင်နည်းထဲက ကောင်းတာတွေကို၎င်း၊ ခေတ်သင်နည်းထဲက ကောင်းတာတွေကို၎င်း ယူပြိး၊ ယင်းအကောင်းနှစ်မျိုးကို ပေါင်းစပ်၍ လုပ်ဆောလျှင် အပင်းပန်းခံလုပ်သလောက် အကျိုးရှိမယ် ဖြစ်ပါသည် အနောက်တိုင်းသား ပညာရှင်တို့သည် ထို အစွဲမထားနည်း ကိုကျင့်သုံး၍ ပိုကောင်းတယ်- ထင်သည့် နည်းစနစ်တွေကို တဦးပြီးတဦး ဆက်ကာ ဆက်ကာ (တိုင်းပြည်နှင့်လူမျိုးအတွက်) အပက်တကုတ် ကြိုးစားအားထုတ်ကြသဖြင့်၊ ယခုအခါမှာ အနောက်တိုင်းသည် အရှေ့တိုင်းထက်ပို၍ ဆက်လက်တိုးတက်နေခြင်း ဖြစ်ပါသည်။ ဤကား တစ်ဖက်စောင်းနင်း ပြောဆိုခြင်းမဟုတ်၊ ဓမ္မဓိဌာန်ကျကျ အပြုသဘောဖြင့် ပြောခြင်း သာ ဖြစ်ပါသည်။ တနည်းအားဖြင့် အနောက်တိုင်းသားတို့ထက် အရှေ့တိုင်းသားတို့က ပို၍ တိုးတက်စေချင်သည့် စေတနာဖြင့် ပြောဆို ခြင်းသာ ဖြစ်ပါသည်။ (ရှေးရိုးစွဲ အတိုင်းသာ နေထိုင်ခဲ့လျှင် လှည်းခေတ် မှသည် လေယာဉ်ပျံခေတ် သို့ ဘယ်တော့မှ ရောက်လာမည် မဟုတ်ပါ။)

တပည့်တော်သည် ၁၉၆၄-ခုနှစ်၊ အင်္ဂလန်မှ ပြန်ရောက်ကတည်းက သက္ကတသဒ္ဒါကျမ်း စသည့် ကျမ်းများစွာကို ရေးသားပြီး ရဟန်းတော် တို့အား တပည့်တော် ပင်ပန်းကြီးစွာ ကြိုးစား အားထုတ်သင်ယူခဲ့သည့် ပညာတွေကို ဓမ္မဒါန=ပညာဒါန အဖြစ်သင်ပေးရန် ဆန္ဒရှိခဲ့ပါ၏။ သို့သော် အခြေအနေအရ အကောင်အထည် မဖော်နိုင်ခဲ့ပါ။ ဖော်နိုင်မည့် အချိန်ကာလကိုသာ စောင့်ဆိုင်းနေခဲ့ရပါသည်။ နောက်နှစ် ၂၀ ကျော်ကြာမှ (ပထမ) တိပိဋကဓရ ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက သာသနာတော်၏ နောင်ရေးကို ကြည့်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးနှစ်ခု ကို ရန်ကုန်နှင့် မန္တလေးမြို့ တို့၌ ၁၉၈၆- ခုမှာ တပြိုင်နက် အောင်မြင်စွာ ဖွင့်နိုင်ခဲ့ပါ သည်။ ထိုအခါ (ပထမ) တိပိဋကဓရဆရာတော် ဘုရားကြီးက- မောင်မြင့်ဆွေ… ယခုဖွင့်တော့မဲ့ မန္တလေး- သာသနာ့တက္ကသိုလ်မှာ ပညာရေးနှင့် ပတ်သက်၍ မင်း အစွမ်းကုန် လုပ်ပေးရမယ် ဟူသော အမိန့်တော်ကို ဦးလည်မသုန် အလွန်ဝမ်းမြောက်စွာဖြင့် လက်ခံ၍၊ မိမိ၏မိတ်ဆွေ ဆရာများကို စည်းရုံးပြီး အစွမ်းကုန်လုပ်ဆောင် ပေးခဲ့ပါသည်။ အစပထမ၂-နှစ်အတွင်း၌ တက္ကသိုလ်ပညာသင်နည်းမှာ စိတ်တိုင်းမကျ ဖြစ်ခဲ့သော်လည်း၊ နောင်နှစ်များတွင်ကား ပညာရေးစနစ် အတော်ကောင်းမွန်လာပါသည်။ သံဃာ့အဖွဲ့အစည်းများနှင့် လုပ်ကိုင်ရသဖြင့် လုံးဝစိတ်တိုင်းကျမှု မရှိသော်လည်း ရှေ့သို့တလှမ်းတိုးခြင်း (one step forward) ကား ဖြစ်လာခဲ့ပါသည်။

သို့ရာတွင် ၀မ်းနည်းစရာတစ်ခုကတော့ တက္ကသိုလ်၏ အခြေအနေအရ သင်တန်းသားဦးရေ ကန့်သတ်ထား၍ တက္ကသိုလ် တက်ချင်သူ ရဟန်းတော်များထဲမှ ၄ ပုံ ၁ ပုံလောက်သာ လက်ခံသဖြင့်၊ တက္ကသိုလ်တက်ခွင့်မရသည့် ရဟန်းတော်အများစု (၄ ပုံ ၃ပုံ) အတွက် စိတ်မ ကောင်းဖြစ်ခဲ့ရပါသည်။ သို့ဖြစ်၍ တပည့်တော်သည် နောင် ၈-နှစ်ကြာ၍၊ ၁၉၉၄ ခုနှစ်တွင် (လူ) တက္ကသိုလ်မှ ပင်စင်အနားယူသည့်အခါ၊ တက္ကသိုလ်တက်ခွင့်မရခဲ့ကြသည့် ယင်းရဟန်းတော်များ အတွက် ရည်ရွယ်၍၊ ငွေအင်အား လုံးဝမရှိဘဲနှင့် တပည့်တော် ဦးစီး ကြီးကြပ် ဆောက်လုပ်ခဲ့သည့် မိမိနေရပ်ကွပ် အတွင်းရှိ ဥဂ္ဂိဇီဝမြသီတာဓမ္မာရုံ (ရှစ်နေ့၊ ရှစ်နံ) မြက်စွာဘုရား၏ ဓမ္မာရုံကြီး အတွင်း၌ ဘုရားရံပုံငွေဖြင့် စာရေးဘောကြီးနှင့် စာသင်ခုံကြမ်းများကို အရေးတကြီး ပြုလုပ်၍၊ ရှိပြီး နှီးကြောဖျာကြမ်းများပေါ်တွင် ဖြစ်သလို သင်တန်းဖွင့်ခဲ့ပါသည်။ သင်တန်းဖွင့်စက သံဃာအပါး ၃၀၀ ကျော်ရှိခဲ့သော်လည်း၊ နှစ်ကုန်၍ စာမေးပွဲ ကျင်းပသည့်အခါ အပါး ၈၀ ခန့်သာ ကျန်၍ စာမေးပွဲ အောင်သူပေါင်း ၄၃ ပါးသာ ရှိပါတော့သည်။ (ရဟန်းတော်များ၏ ဇွဲလုံလနည်းမှုနှင့် သူတို့ မတွေ့-မကြားဖူးသေးသည့် သက္ကတ၊ ပြာကတ၊ ဘာသာဗေဒပညာ၊ အင်္ဂလိပ် သာသာရပ်အသစ်များ၏ ခက်ခဲမှုကြောင့် ဖြစ်ဟန်တူပါသည်။ သို့သော် ဇွဲလုံလဖြင့် သင်ယူလျှင်ကား အောင်မြင်သည်ချည်း ဖြစ်၏။) ၂ နှစ်သင် ဒီပလိုမာတန်း အောင်မြင်သူများထဲမှ ဓမ္မာစရိယဘွဲ့ရ (၄)ပါးသည် အိန္ဒိယပြည်သို့ သွားရောက် ဆက်လက်ပညာသင်ယူ၍ ယခု ဒေါက်တာဘွဲ့ ရတော့မည်ဟု ကြားသိရပါသည်။ ထိုဒီပလိုမာအောင် ရဟန်းများထဲမှ M.A တန်းအထိ ဆက်တက်၍ အောင်မြင်သူ ၁၂ ပါးသာ ကျန်ရှိပါသည်။ ၃ နှစ်ပြည့်သောအခါ မြို့လည် ဆူးခါးတိုက် ဆရာတော်ဦးသုမန၏ ကူညီစောင်မ မှုဖြင့် မြို့လည် ဆူးခါးတိုက်သို့ နေရာပြောင်းခဲ့ပါသည်။

ယင်း ၁၂- ပါးထဲမှ ၉ ပါးကို ရွေးပြီး လက်ထောက်ဆရာများ အဖြစ်နှင့် လက်တွဲ လုပ်ဆောင်၍ နောက်ထပ် M.A. ဘွဲ့ရ ၅ပါးစ၊ ၆ပါးစ ထွက်ပေါ် လာသည့် ဆရာများဖြင့် ယင်းသင်တန်းများကို ဆက်လက်ရုန်းကန် သင်လာခဲ့ရာ ယနေ့ဗုဒ္ဓ တက္ကသိုလ်သည် ၁၀နှစ် သက်တမ်းထဲသို့ ရောက်ရှိလာသောအခါ ၂၀၀၄-ခုနှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ၊ နိုင်ငံတော်သာဓုပရိယတ္တိ စာသင်တိုက် ကြီး၌ ရွှေည၀ါ ပညာ့ဗိမာန်ဆရာတော် ဦးပညာသီဟ၏ စေတနာ ဗလ၀ အားပေးကူညီ ပံ့ပိုးမှုဖြင့် ဗုဒ()တက္ကသိုလ်တခုကို အောင်မြင်စွာ တိုးချဲ့ ဖွင့်လှစ် နိုင်ခဲ့ပါသည်။ သာသနာတော်အတွက် မိမိတို့၏ ကျောင်းတိုက်ကို အသုံးပြုခွင့် မပေးလိုကြသည့် ကျောင်းကပ်ဆရာတော် များ၏ စိတ်သဘောထား သေးသိမ်သည့်ကာလဆိုး ထဲမှာ ဤကဲ့သို့ တက္ကသိုလ်ဖွင့်ခွင့် နေရာရရှိခြင်းသည် သာသနာစောင့် နတ်ကောင်း နတ်မြတ်တို့၏ ကူညီစောင်မခြင်းကြောင့် ပင်ဖြစ်၏ဟု ဆရာတော်တစ်ပါးက မှတ်ချက် ချပါသည်။

ပရိယတ္တိပညာရေးစီမံချက်များ
ဗုဒ္ဓ္ဓတက္ကသိုလ်၏ ပရိယတ္တိပညာရေး စီမံချက်များသည် ရဟန်း၊ ရှင်၊ လူ၊ သီလရှင်တို့၏ ပရိယတ္တိပညာရေး အဆင့်ကို အခြေခံ၍ (၁) ပထမကြီးအောင် ရှင်၊ ရဟန်း၊ လူ၊ သီလရှင်များအတွက် ၇-နှစ်သင် M.A. (ဘာသန္တရဆေက) ဘွဲ့ အထိ စီမံချက်တစ်ခု၊ ပထမကြီး မအောင်မြင်သည့်၊ ပါဠိဘာသာ မသင်ခဲ့ရဘူးသေးသည့် ရဟန်း၊ ရှင်၊ လူ၊ သီလရှင်များအတွက ၈-နှစ်သင် M.A. (သာသနာပြု)ဘွဲ့ အထိ စီမံချက်တစ်ခု၊ (၂) ရှင်သာမဏေငယ်များအတွက် (အစိုးရပထမပြန် မူလတန်၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း နှင့်ညီမျှသော၊ စနစ်သစ်ဖြင့် သင်ကြားသည့် ၄-နှစ်သင် ပရိယတ္တိ အခြေခံ ပညာရေး စီမံချက်တစ်ခု- ဟူ၍ စီမံချက် ၃-ရပ်ကို ချမှတ် ကျင့်သုံး အကောင် အထည်ဖော် လျက်ရှိပါသည်။ ထိုသုံးမျိုးတွင်-

(၁) ပထမကြီးအောင်သူများအတွက် ၇နှစ်သင် M.A. (ဘာသန္တရဆေက)ဘွဲ့ သင်တန်းစီမံချက် (နောက်၌ ဖော်ပြထားသည့် ဆိုင်ရာပြဌာန်းစာ အသေးစိတ်ကိုရှု)ပါဠိဘာသာနှင့် ဗုဒ္ဓ ဓမ္မဘာသာရပ်များ၌ အခြေခံရှိပြီးကြသူ (၀ါ) ပထမကြီး အောင်မြင်ပြီးသူ ရှင်၊ ရဟန်းနှင့် သီလရှင်များအတွက် ၂-နှစ်သင်ဒီပလိုမာသင်တန်း၊ ၂ -နှစ်သင် ၀ိဇ္ဇာ=B.A.တန်း၊ ၃-နှစ်သင် မဟာဝိဇ္ဇာ= M.A. (Indo- Arayan) တန်း ဟူ၍ ၃-တန်းခွဲထားပါသည်။
ထိုသုံးပိုင်းတွင်-
(A) ၂- နှစ်သင် ဒီပလိုမာတန်း။ ။ (၃) PSE- ခေါ် ပါဠိ၊ သက္ကတ၊ အင်္ဂလိပ်စာ ၃-ဘာသာကို အခြေခံ ကျကျ တတ်ကျွမ်းအောင် ဇောက်ချ သင်ပေးပါသည်။ ပါဠိဘာသာကို အခြေံခံကျကျ တတ်ကျွမ်းအောင် ဇောက်ချသင်ပေးပါသည်။ သက္ကတဘာသာကို အမြန်တတ်သည့် ခေတ်မှီနည်းစနစ်ဖြင့် သင်ပေးခြင်း၊ အခ်ျင်းချင်းနီးကပ်စွာ နှီနွယ်ဆက်စပ်နေသည့် ပါဠိနှင့်သက္ကတဘာသာနှစ်ခုကို ကျွမ်းကျင်နိုင်ရေး အတွက် (ဥရောပတက္ကသိုလ်နည်းများအတိုင်း) ဘာသာဗေဒနည်း( PHILOLOGY)ဖြင့် နိုင်းယှဉ် သင်ပေးခြင်း၊ အင်္ဂလိပ်ဘာသာကိုလည်း (ဥရောပနိုင်ငံသားများ၏ သင်နည်းအတိုင်း အင်္ဂလိပ်မှ မြန်မာဘာသာသို့၎င်း၊ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့၎င်း၊ ဤသို့ အပြန် အလှန် (နှစ်လမ်းသွား) သင်နည်းဖြင့် အပြောရော အရေးပါ တကယ်ကျွမ်းကျင်အောင် သင်ပေးခြင်းတို့ကို ပြဌာန်းသင်ပေးပါသည်။ ဤ ၂-နှစ်သင်တန်း၌ သက္ကတသဒ္ဒါနှင့် ဖတ်စာများအကုန်၊ ဘာသာဗေဒ ပြဌာန်းစာအကုန်၊ (၁၀တန်းထက် ပို၍တတ်ကျွမ်းအောင်) အခြေခံ အင်္ဂလိပ်စာ ပြဌာန်းစာအုပ်အကုန်ကို ပြဌာန်းသင်ကြားပေးပါသည်။ ဤသင်တန်းသည် သက္ကတ၊ ဘာသာဗေဒ၊ အင်္ဂလိပ်စာ- ဟူသော ဘာသာရပ်သစ် ၃-ခု၌ အခြေခံအုပ်မြစ် ကောင်းကောင်းချပေးသည့် သင်တန်းဖြစ်ပါသည်။ ၂-တန်းစလုံး၌ ပါဠိနှင့် ဘာသာဗေဒ၊ ၂-သက္ကတသဒ္ဒါ၊ ၃- အင်္ဂလိပ်မှ မြန်မာသို့ ဘာသာပြန်၊ ၄- မြန်မာမှ အင်္ဂလိပ်သို့ ဘာသာပြန် ဟူ၍ မေးခွန်းလွှာ ၄-ခုစီ ပါဝင်သည်။ ထို့ပြင် ဒုတိယနှစ်၌ သာသာနစိတ် ရှိလာစေရန် ရည်ရွယ်၍၊ အိန္ဒိယပြည်၌ သာသနာကွယ်ခဲ့ရပုံသမိုင်းကို (ပဉ္စမမေးခွန်းလွှာအတွက်) ပြဌာန်း သင်ကြားပေးပါသည်။ (ဇွဲလုံးလကြီးသူများသည် မြန်မြန်တတ်မြည်။ အပျင်းကြီးသူတို့ကား ထွက်ပြေကြပေမည်။)

(B) ၂-နှစ်သင် B.A. တန်း။ ။ တွင် တတိယနှစ်၌ (အစိုးရ ဓမ္မာစရိယ စာချတန်း၌ ပြဌာန်းထားသော ကျမ်းရင်းသုံးကျမ်းခေါ်) ၁- ပါရာဇိကဏ် ပါဠိတော်နှင့် အဌကထာနှ-၁-မှ ၁၂၀ အထိ(စီ)၊ ၂- သီလက္ခန် ပါဠိတော်နှင့် အဌကထာနှ-၁-မှ ၁၂၀ အထိ(စီ)၊ ၃-ဓမ္မသင်္ဂဏီ ပါဠိတော်နှင့် အဌကထာနှ-၁-မှ ၁၂၀ အထိ(စီ)၎င်း၊ စတုတ္ထနှစ်၌ ယင်း ကျမ်းရင်း ၃-ကျမ်း=ပါဠိတော်-အဌကထာများ၊ နှာ ၁၂၁မှ မှ ၂၄၀-အထိ(စီ)၎င်း၊ မေးခွန်းလွှာ ၃-ခုစီအတွက် ပြဌာန်းသင်ကြားပေးပါသည်။

ထို့ပြင် တတိယနှစ်၌ စတုတ္ထ မေးခွန်းလွှာအတွက် ဟိတောပဒေသ၊ သက္ကတဖတ်စာအကုန်နှင့်၊ ပါဠိ-သက္ကတဘာသာဗေဒ၊ ပဉ္စမနှင့်ဆဋ္ဌ မေးခွန်းလွှာ ၂-ခု အတွက် အင်္ဂလိပ်လို သင်ရမည့် ဗုဒ္ဓ၏ တရားတော်များနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ပါဠိဝေါဟာရများ (ရှေ့ပိုင်း)ကို ပြဌာန်းထား၍၊ စတုတ္ထနှစ်၌ စတုတ္ထမေးခွန်းလွှာအတွက်- ပြာကတ- ပြာကတဘာသာများ၊ ပဉ္စမနှင့်ဆဋ္ဌ မေးခွန်းလွှာ ၂-ခု အတွက် အင်္ဂလိပ်လို သင်ရမည့် ဗုဒ္ဓ၏ တရားတော်များနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ပါဠိဝေါဟာရများ (နောက်ပိုင်း)ကို ပြဌာန်းသင်ပေးပါသည်။

(C) (၃-နှစ်သင် M.A. တန်း။ ။ တွင် ပဉ္စမနှစ်၌ =၁- ၀ိသုဒ္ဓိ မဂ္ဂအဌကထာပါဠိ ပထမတွဲ၊ ၂- သမိုင်းဘာသာအတွက်- သီဟိုဠ်နိုင်ငံ၏ ပါဠိစာပေနှင့် ဗုဒ္ဓသာသနာ့သမိုင်း၊ ၃-ဒဿနဗေဒအတွက်-ဝေဒခေတ်စာပေယဉ်ကျေးမှုနှင့် ဘာသာရေးအတွေးအခေါ်၊ ၄- ဗုဒ္ဓဘာသာသုံး သက္ကတ စာပေ၊ ၅+၆- အင်္ဂလိပ်လို သင်ရမည့်- သဂြိုလ်အောက် ၅-ပိုင်း နှင့် ပါဠိစာပေ ကောက်နုတ်ချက်များကို ပြဌာန်းသင်ကြားပေးပါသည်။

(D) ဆဌမနှစ်၌၊ ၁- ၀ိသုဒ္ဓိ မဂ္ဂအဌကထာပါဠိ ဒုတိယတွဲ၊ ၂- သမိုင်းဘာသာအတွက်- မြန်မာနိုင်ငံ၏ ပါဠိစာပေနှင့် ဗုဒ္ဓသာသနာ့သမိုင်း၊ ၃-ဒဿနဗေဒအတွက်- ကမ္ဘာ့ဘာသာကြီးများအကြောင်း၊ ၄- အသောကကျောက်စာများ၊ ၅+၆- အင်္ဂလိပ်လို သင်ရမည့်- သဂြိုလ်အထက် ၃-ပိုင်း နှင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်များလာ အသေးစိတ် လေ့လာခြင်း။

(E) သတ္တမနှစ်၌၊ ၁- အင်္ဂလိပ်လိုသင်ရမည့် ကမ္မဌာန်းပိုင်းနှင့် ကမ္မဌာန်းအားထုပ်ပုံ၊ ၂- (ကမ္ဘာ့ဘာသာကြီးများ၏) သာသနာပြုလုပ်ငန်း လုပ်ဆောင်ပုံများ၊ ၃-ဟီန္ဒီစကားပြော၊ ၄- တရုပ်စကားပြောတို့ကို ပြဌာန်းသင်ကြားပေးပါသည်။

(F) ဤကဲ့သို့ M.A. (ဘာသန္တရဆေက) ဘွဲ့အထိ အထက်ဖော်ပြပါ ၇-နှစ် သင်တန်းများပါ ပြဌာန်းစာတို့ကို ကျကျနန သင်ယူ-တတ်မြောက်သွားလျှင် ဘာသာစကားများ အမျိုးမျိုး၌၎င်း၊ ဗုဒ္ဓ၏တရားတော်များ၌၎င်း၊ ဘာသာရေး အတွေးအခေါ်နှင့် ဒဿနဗေဒ ပညာရပ်များ၌၎င်း၊ သမိုင်းဘာသာရပ်များ၌၎င်း၊ သာသနာပြုလုပ်ငန်း၏ လုပ်ထုံးလုပ်နည်းများ၌၎င်း တတ်ကျွမ်းသွားမည်ဖြစ်၍၊ ပြည်တွင်း-ပြည်ပ၌ အလွန်ထိရောက် အောင်မြင်စွာ သာသနာပြုနိုင်ကြမည်- ဟု၎င်း၊ အကျင့်ပဋိတ္တိလုပ်ငန်း အတွက်လည်း အခြေခံ အတော်ကောင်းကောင်း ရရှိသွားပြီး၊ နောင်တိုးတက်အောင် ဆက်လုပ်ရန် လွယ်ကူသွားမည်ဟု၎င်း တထစ်ချ ယုံကြည်ပါ သည်။

0 comments:

Post a Comment

Facebook Twitter Delicious Digg Stumbleupon Favorites More