ဗုဒ္ဓတက္ကသိုလ် သြ၀ါဒါစရိယ
မန္တလေးမြို့မိုးကောင်းတိုက် ဆရာတော်
ဘန္ဒန္တ ပဏ္ဍိစ္စာဘိဝံသ
၏
သြ၀ါဒ ကထာ။
ပြည်တွင်းသာသနာ ဦးစားပေးကြပါ
အရှင်မြတ်တို့သည် ပြည်တွင်း၊ပြည်ပ သာသနာပြုပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန်အထူးရည်သန်၍ တည်ထောင် ထားအပ်သော ဗုဒ္ဓတက္ကသိုလ်ကြီး၏ အသီးအပွင့်များဖြစ်ကြပါသည်။ ဆရာတော်ကြီးတစ်ပါးက သူ့တပည့် များကို “ငါ့ရှင်တို့ သာသနာတော်မှာ တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘွဲ့ထူး၊ ဂုဏ်ထူးကြီးနဲ့ အယောင်ပြ ဟန်ဆောင်ပြီး ဘုန်းကြီးအောင် လုပ်ကြသည်။ ဘုန်းကြီးတော့ လာဘ်လာဘတွေ ပေါများပြီး ရုပ်ဝတ္ထုအကောင်းစားကြီးတွေနဲ့ ဇိမ် ခံနေကြတယ်။ သာသနာကောင်းအောင် ပြုပြင်ဘို့မေ့နေကြပြီ။ ဒါမသန့်ရှင်းတဲ့ ဘုန်းကြီးမှုပါ။ အားမ ကျကြ ပါနဲ့” လို့ မိန့်ကြားတာ မှတ်သားဖူးပါတယ်။ ငါ့ရှင်တို့လည်း ဒီသြ၀ါဒကို လိုက်နာဖို့မေ့မနေကြပါနဲ့။ယခုအချိန်မှာ အပြည်ပြည်ဆိုင်ရာ ရိပ်သာ၊ အပြည်ဆိုင်ရာ ဓမ္မကထိက၊ ပြည်ပသာသနာပြု စသည်အားဖြင့် သိပ်ခေတ်စားနေပါသည်။ ငါ့ရှင်တို့ကိုတော့ ပြည်တွင်းကိုလှည့်ကြပါလို့ ပြောချင်ပါတယ်။ ယခုအချိန် မြန်မာနိုင်ငံ မှာ ဘာသာခြားလူဦးရေဟာ လွတ်လပ်ရေးရပြီးစအချိန်ထက် ရာခိုင်နှုန်းအများကြီးတိုးနေပါပြီ။ သူတို့ဘသာဝင် ဦးရေတိုးအောင်လည်း နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြပါသည်။ ရဟန်းတော်များသည် သာသနာတော် မှာခေါင်းဆောင်ပိုင်းမှ တာဝန်ယူထားကြသော ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ မြန်မာလူမျိုးများ ဗုဒ္ဓဘသာမှ အခြား ဘာသာသို့ ပဲ့ထွက်မသွားအောင် ရဟန်းတော်တိုင်းမှာ အဓိကအားဖြင့် တာဝန်ရှိကြပါသည်။ တာဝန်သိသည့် မထေရ်ကြီးများ မပေးဆပ်နိုင်၍ တင်ကျန်နေသည့်အကြွေးကို အရှင်မြတ်တို့ပေးဆပ်ဖြစ်အောင် ပေးဆပ်ကြပါ။
မိရိုးဖလာဗုဒ္ဓဘာသာဖြစ်ကြသည့် လူငယ်ရွယ်များကို ဘာသာရေးအယူအဆများ အရိုးစွဲအောင်သင်ကြားကြဘို့ လည်း မမေ့ကြပါနဲ့။ ပြည်တွင်းသာသနာလည်း ကောင်းအောင် ကြိုးစားကြဘို့လည်း အလွန်လိုအပ်နေ ပါသည်။ ကြိုးစားတဲ့အခါ စိတ်ပျက်စရာ၊ အားမရစရာကောင်းသည့် အချို့လက်ရှိအခြေနေများကိုလည်း စိတ် ကောင်းဖြင့် အဖြစ်ရင်းကစပြီး ပြောင်းလည်းပြစ်ကြပါလို့ မေတ္တာဖြင့် တိုက်တွန်းပါသည်။
ရှင်တော်မြတ်ဘုရားက “နတ်ဘ၀ကို ရခဲသည်” ဟု ဟောတော်မမူပါ။ လူ့ဘ၀ကိုသာလျှင် “မနုဿတ္တ ဘာဝေါ ဒုလ္လဘော=လူ့ဘ၀ ရခဲ၏” ဟု မိန့်တော်မူပါသည်။ “နတ်တို့သည် မိမိတို့သည် မိမိတို့ရရှိထားသည့် စည်း ဇိမ်ချမ်း သာကို ခံစား၍များသောအားဖြင့် မေ့လျော့နေကြသူများသောကြောင့် နတ်ဘ၀ကို ရခဲ၏”ဟု ဟောတော် မမူခြင်းဖြစ်ပါသည်။ လူတို့သည် မိမိတို့ရရှိထားသည့် စည်းဇိမ်ချမ်းသာကို စွန့်ပယ်၍ အများကောင်းကျိုး သယ် ပိုးနိုင်သောသူများ ဖြစ်သောကြောင့် “လူ့ဘ၀ကို ရခဲ၏” ဟုဟောတော်မူခြင်း ဖြစ်ပါသည်။
ရှင်တော်မြတ်ဘုရား၏ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့သော ဘ၀တို့သည် လူ့ဘ၀များသာဖြစ်ပါ သည်။ ပါရမီဖြည့်တယ်ဆိုတာ ကိုယ်ကျိုးစွန့်၍ အများကျိုးသယ်ပိုးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရခဲသည့် ဘ၀ကို ရရှိထားကြသည့် လူသားတိုင်း လူသားတိုင်းမှာ အများအကျိုးသယ်ပိုးရမည့် ဘ၀ပေးတာဝန်ရှိကြပါသည်။ ထိုဘ၀ ပေးတာဝန်ကို
၁။ သိသူ
၂။ မသိသူ ဟု နှစ်မျိုးနှစ်စား ရှိပါသည်။
ဆရားကြီး ဦးမြင့်ဆွေသည် နံပါတ်တစ် အမျိုးစားဖြစ်ပေသည်။ ဆရာကြီးကို အရင်က မတွေ့ဖူး၊ မသိဖူးပါ။ လွန်ခဲ့သည် (၁၀)နှစ်ကျော်ခန့်က ပရိယတ္တိသာသနာ့ဟိတအသင်း လူကြီး ပဒေသာ ဦးခင်မောင် နှင့် ဒကာကြီး တစ်ယောက် ရောက်လာ၏။ ဒကာကြီး ဦးခင်မောင်က “အရှင်ဘုရား ဒီ ဒကာကြီးက မန္တလေး တက္ကသိုလ် ဒုတိယ ပါမောက္ခ အငြိမ်းစား ဦးမြင့်ဆွေပါဘုရား” ဟုမိတ်ဆက်ပေးပါသည်။ နောက်ဆရာကြီး ဦးမြင့်ဆွေသည် မကြာခ ဏရောက်ရောက်လာတတ်၏။ သူတတ်ကျွမ်းသော သက္ကတဘာသာနှင့် ဘာသာဗေဒ အကြောင်းများ လျှောက် ထားလေ့ရှိပါသည်။ အရှင်ဘုရား တပည့်တော် ရဟန်းတော်တွေကို သက္ကတဘာသာ ပြန့်ပွါးအောင် သင်ကြားပေးလိုပါတယ်။ တပည့်တော်သင်ကြားပေးလိုသည့် သက္ကတဘာသာက အိန္ဒိယ၊ သီဟိုဠ် သင်နည်း ထက်သာသည့် ဥရောပတက္ကသိုလ်များရဲ့ သင်နည်းမျိုးဖြစ်ပါတယ်။ ပါဠိနှင့် သက္ကတ နှိုင်းယှဉ်သင်ပြသည့် ဘာ သာဗေဒနည်းပါ။
ဒီနည်းဖြင့်သင်လိုက်လျှင် ရဟန်းတော်များ ပါဠိ ပုဒ်ပါဌ်တွေကို အချိန်တိုအတွင်း နိုင်နင်းပါမည်။ ပါဠိဘာသာ ကိုလည်း မြန်မြန်တတ်မြောက်ပါမည်ဘုရား” “ဒကာကြီး ပုဒ်ပါဌ်တွေနိုင်နင်းပြီး ပါဠိဘာသာ မြန်မြန်တတ်မြောက် မည်ဆိုတာတော့ သဘောကျသွားပြီ။ ဒါပေမယ့် ခုခေတ်ဦးဇင်းတွေက အင်္ဂလိပ်စာသာ သင်ချင်ကြတာ ၊ သက္ကတ သင်ယူချင်သူကတော့ နည်းပါလိမ့်မယ်”ဟုတ်ပါတယ်ဘုရား။
သူတို့လိုချင်သည့် အင်္ဂလိပ်စာကိုလည်း သင်ပေးပါမယ်။ တပည့်တော်သင်ယူစေချင်သည့် သက္ကတ ဘာသာ ကိုလည်း သင်ပေးပါမယ်။ ဘုရားဟော ပိဋကတ်တွေလည်း မလစ်ဟင်းစေရပါဘူးဘုရား” “ရည်ရွယ်ချက် သိပ်ကောင်းပါတယ်။ သဘောလည်းကျပါတယ် ဒကာကြီး” “တပည့်တော် ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်မလို့ဘုရား။ ဘာမှတော့ ပြည့်ပြည့်စုံစုံမရှိပါဘူးဘုရား။ စေတနာပဲရှိပါတယ်။ ကျားကုတ်၊ ကျားခဲ ကြိုးစားရမှာပါ။ သြ၀ါဒါ စရိယ ဆရာတော်ကြီး (၁၂)ပါး ရာထားပါတယ်ဘုရား။
အရှင်ဘုရားကိုလည်း ပါဝင်စေချင်ပါတယ် ဘုရား” အင်း-ဒကာကြီးကပါဝင်စေချင်တယ်ဆိုတော့ ပါဝင် ပါမယ်၊ ကျုပ်က ပါတ်ဝန်းကျင်နဲ့ အဆက်ပြတ်နေတာ၊ ဘာဆိုဘာမှ မသိဘူး” “ရပါတယ်ဘုရား၊ အရှင်ဘုရား မြင်သလို သြ၀ါဒ ပေးရုံပါ။ တပည့်တော်မိသားစုကိုလည်း ပြောထားပါတယ်။ ငါတော့ မင်းတို့ လောကီ စည်းပွါးချမ်းသာရေး ကို ဘေးဖယ်ထားပြိး၊ ငါ့ဘ၀ကို သာသနာတော် အတွက် နှပ်မြှပ်လျှက်၊ ရည်မှန်းချက် အကောင်ထည်ပေါ်အောင် ကြီုးစားတော့မယ့် လို့ပြောထားပါတယ်ဘုရား” ဆရာကြီး ဦးမြင့်ဆွေ ပြောထားသည့် စကားများထဲမှ မှတ်မိသ မျှဖြစ်ပါသည်။ ဆရာကြီး ဦးမြင့်ဆွေသည် ငါလုပ်လျှင် ဖြစ်ရမည်ဟု ယုံကြည်သည့် စိတ်စွမ်းအားကောင်း သူ ဖြစ်သည်။
ဆရာကြီး ဦးမြင့်ဆွေ မဖြစ်မနေကြိုးစားခဲ့သည့် ဗုဒ္ဓတက္ကသိုလ်ကြီးသည် (၁၀)နှစ်ခရီးသို့တိုင်ခဲ့ပြီ။ ယခုအချိန် ၌ အောင်မြင်မှု အသီးအပွင့်တို့ဝေဆာလျှက်ရှိပါသည်။ ဤတက္ကသိုလ်မှ ဘွဲ့ရရှိသွားကြသော ပညာတတ် ရဟန်း တော်လေးများသည် မိမိတို့စွမ်းရာပညာများဖြင့် နေရာဒေသအသီးမှာ သာသနာတွေပြုနေကြသည့် သတင်းများ ကိုလည်း နေ့စဉ်ကြားသိနေရသည့် အတွက်အလွန်ပဲ ကြည်နှုးမိပါသည်။ ဤတက္ကသိုလ်ကြီး၏ ဂုဏ်ကျေးဇူးကား ကြီးမားလှပါပေ၏။ ဆရာကြီး ဦးမြင့်ဆွေသည် လူ့ဘောင်လောကကို အေးချမ်းသာယာအောင် သယ်ဆောင်မည့် ဤတက္ကသိုလ်ကြီးကို ကျားကုတ်ကျားခဲ တည်ထောင်ခဲ့ဲ့ပါသည်။ ကိုယ်ကျိုးစွန့်၍ အများကျိုးကို သယ်ပိုးခဲ့ပါသည်။
ကိုယ်ကျိုးစွန့်သော်လည်း ကောင်းကျိုးများကား ဆရာကြီးထံသို့ ပြန်ရောက်လာမည်ကား မလွဲပါ။ သူ့အ ကျိုးဆောင်၍ကိုယ်ကျိုးအောင်မြင်ခြင်းပါတည်း။ ဆရားကြီး ဦးမြင့်ဆွေ သက်ရှည်၊ ကျန်းမာ ၊ ချမ်းသာ၍ အများ အကျိုး သာသနာ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေ။
0 comments:
Post a Comment