ဘဒ္ဒန္တ သာသနာဘိဝံသ(မန္တလေးတိုင်း ၊ တိုင်းသံဃနာယက ဥက္ကဌ) ၏
သြ၀ါဒ ကထာ
သြ၀ါဒ ကထာ
ပြည်တွင်း၊ ပြည်ပ သာသနာပြုများ ပေါ်ထွန်းလာရေးအတွက် တည်ထောင်ဖွင့်လှစ်ခဲ့သော ရန်ကုန်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်ကြီးများသည် နှစ်ကာလ ကြာမြင့်လာသည်နှင့် အညီ အတန်းအသီး၌ အောင်မြင်၍ လောက အကျိုး၊သာသနာအကျိုများ သယ်ပိုးလာနိုင်ကြသော သာသနာ့အာဇာနည်များ ထွက်ပေါ်ခဲ့ကြောင်းကြားသိရ သဖြင့် ထေရ၀ါဒ သာသနာပြုလုပ်ငန်းအတွက် အားရ၀မ်းသာ နှစ်သက်ပီတိဖြစ်ခဲ့ရပါသည်။
“တပည့်ကောင်းနှင့် ဆရာကောင်းဖြစ်ဖို့လိုပါတယ်။”
“ငါ့ရှင်တို့ဟာ ထေရ၀ါဒသာသနာကို ထွန်းကားပြန့်ပွါးအောင် ပြုကြမည့်သူများ ဖြစ်ကြ၍ ဆရာကောင်းနှင့် တပည့်ကောင်းများ ဖြစ်ကြဘို့လိုပါတယ်”
ကာလေန ဂစ္ဆေ ဂရုနံ သကာသံ၊ ထမ္ဘံ နိရံ ကတွာ နိဝါ၀ုတ္တိ။
အတ္ထံ ဓမ္မံ သံယမံ ဗြဟ္မစရိယံ၊ အနုဿရေစေ၀ သမာစရေစ။
တပည့်ကောင်း ၊ ဆရာကောင်းဟု ပေါင်းစပ်ခေါ်ဝေါ်နေကြရာ၊ တပည့်ကောင်းဆိုတာ ကိုယ့်ရဲ့ အရည်အချင်းက ဘယ်လောက်မြင့်နေနေ ဆရာသမားထံရောက်ပြီဆိုလျှင် မာန်မာနနှိမ်ချထားရမည်။ ဥပမာအားဖြင့် ခြေသုတ် ပုဆိုး၊ မြွေစွယ်ကျိုး၊ ဦးချိုကျိုးသော နွားလားကဲ့သို့ ဖြစ်နေရမည် တဲ့။
တပည့်တစ်ချို့က ဆရာထက်အရည်ချင်းသာတယ်ဆိုပြီး ဆရာသမားအပေါ်မှာမောက်မာတတ်ကြတယ်။ အရေးမထား၊ မလေးစားချင်ကြတော့ဘူး။ ဒီလိုတပည့်မျိုးဟာ တတ်တဲ့ပညာနဲ့ လုပ်နေတဲ့ လုပ်ရပ်ဟာ တစ်ခြားစီ ပဲဖြစ်နေတယ်။ စာတတ်ပေမယ့် တပည့်ကောင်းမဖြစ်သလို၊ သူ့အလှည့်ကျရောက်လာတဲ့အခါ ဆရာကောင်း မဖြစ်နိုင်တော့ဘူး။ ခေတ်အလိုက် စာမေးပွဲတွေ အမျိုးမျိုးအောင်၍ ဘွဲ့ဂုဏ်ထူးတွေ ရရှိ၍ ဆရာထက်သာတယ် ထင်ပြီး အောက်ခြေလွတ် ဘ၀င့်မြင့်နေတဲ့ တပည့်တွေ အများကြိးတွေ့နေရတယ်။ ထို့ကြောင့် ဆရာကောင်း တပည့် ကောင်းဖြစ်ကြဘို့ လိုအပ်နေပါတယ်။
ဆရာကောင်းဆိုတာက“ မာတာ ယထာ နိယံ ပုတ္တမာယုသာ ” စသော မေတ္တာသုတ် ဒေသနာနှင့် အညီ မွေးမိ ခင်သည် မိမိ၏ရင်သွေးဖြစ်သော တစ်ဦးတည်းသောသားကို မိမိ၏ အသက်နှင့်ပင် လဲ၍ အစဉ် စောင့် ရှောက် ကာကွယ်သလို၊ တပည့်ကြီးငယ်တို့အပေါ်၌ အညီအမျှ အတိုင်းအတာ ပမာဏ မရှိသော မေတ္တာ စိတ်ကို ထားရှိ ရမည်။ ထေရ၀ါဒသာသနာတော်ကြီး အရှည်ခံ့၍ တည်တံ့စေရေးအတွက် သာသနာပြုစောင့်ရှောက် နိုင်မည့် တပည့်များအပေါ် မေတ္တာစိတ်ကို ပွါးများကာ စောင့်ရှောက်ရခြင်း ထုံးစံရှိပါတယ်။
“သာသနာပြုရာ၌ လိုက်နာကျင့်သုံးရန် နည်းသုံးမျိုး”
ရတနသုတ် ပရိတ်တော်၌ “ရောဂါမနုဿဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ” ဟူသော လောကနေသူ လူအပေါင်း အား ဘေးသုံးမျိုးမှ ကယ်တင်ရန် အစဉ်အတိုင်း ဦးစားပေး၍ လိုက်နာကျင့်သုံးရန် နည်းသုံးမျိုးမှာ...
၁။ မိမိနေထိုင်ရာ ဒေသ၏အကျိုးစီးပွါးကို ပထမဦးစားပေး၍ ကျင့်သုံးရမည်။
၂။ မိမိ၏ ပါတ်ဝန်းကျင် အသိုင်းအ၀ိုင်းရှိ သတ္တ၀ါတို့၏ အကျိုးကို ဒုတိယဦးစားပေး၍ကျင့်သုံးရမည်။
၃။ မိမိ၏ အကျိုးကိုမူကား နောက်ဆုံးထား၍ ကျင့်သုံးရမည် ဖြစ်ပေသည်။
ဤနည်းသုံးမျိုးကို “ဗုဒ္ဓ၏ ထေရ၀ါဒ လမ်းညွှန်းချက်” ဟု မိန့်ဆိုထားသဖြင့် ယောမင်းကြီး ဦးဘိုးလှိုင်နှင့် ကနောင် မင်းသားကြီးတို့သည်လည်း မင်းတုန်းမင်းဘုရင်၏ အားပေးခွင့်ပြုချက်အရ မြန်မာနိုင်ငံကို ခေတ်မှီတိုး တက်သော နိုင်ငံတစ်ခုဖြစ်စေရေးအတွက် အုပ်ချုပ်ရေး၊ စီးပွါးရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊နိုင်ငံခြား များ နှင့် ဆက်ဆံရေး လမ်းပန်းဆက်သွယ်ရေး စသော အရေးများစွာ အဖြာဖြာတို့၌ မျက်မှောက်ခေတ်နှင့် အညီ တိုးတက်ဖြစ်ပေါ်လာအောင် အားထုတ်ရာတွင် ထေရ၀ါဒ၏ လမ်းညွှန်းချက်ကို ခံယူ၍ အားထုတ်ခြင်းဖြစ်ကြောင်း “ရာဇဓမ္မ သင်္ဂဟကျမ်း” ၌ မိန့်ဆိုထားခဲ့သည်။
အဘိဓမ္မာ အနုဋီကာ ကျမ်းဆရာ အရှင်ဓမ္မပါလက “ဥဠာရဇ္ဈာသဟာနံ နိသမ္မကာရိနံ ပယောဂသမ္ပတ္တိ နာမ မနာပါယေ၀ ဟောတိ”ဟု ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ “မြင့်မြတ်တဲ့ စိနေစိတ်ထားလည်း ရှိရမယ်၊ စဉ်းစဉ်း စားစားလည်း လုပ်တတ်တယ်၊ လုပ်ပုံကိုင်ပုံလည်း မှန်မယ်ဆိုရင်” အပြစ်ကင်း၍ နှစ်သက်ဘွယ်ကောင်း လှပါတယ်” ဟု နောင်လာနောင်သား ရဟန်း၊ ရှင်လူများ အတုယူကျင့်သုံးနိုင်ရန် မိန့်မှာထားခဲ့ပါသည်။
ထို့ကြောင့် ထေရ၀ါဒသာသနာပြု အရှင်မြတ်တို့သည် “ထေရ၀ါဒအုပ်မြစ်ချလျှက်” “ထေရ၀ါဒ၏ လမ်းညွှန် မှုသုံးမျိုး” ခံယူ၍သာသနာပြုဆောင်ရွက်ကြပါလျှင် ထေရ၀ါဒသာသနာ စည်ပင်ပြန့်ပွါးတောက်ပြောင် ပြီး ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်း ၊ ငြိမ်းချမ်းခြင်းတို့ကို အသီးသီး ခံစားနိုင်လိမ့်မယ် ဖြစ်ကြောင်း သြ၀ါဒကထာ မိန့်ကြားလိုက်ရပေသည်။
0 comments:
Post a Comment